တပည့်တော်မရိုသေစွာလျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်မက တောင်ကြီးမြို့မှ ဖြစ်ပါတယ်ဘုရား။ တပည့်တော်တို့မိသားစုက အရှင်ဘုရားရဲ့စာဖတ်ပရိသတ်ပါဘုရား။ တောင်ကြီးမှာ တရားဟောမည်ဆိုတာ သိသိခြင်း တပည့်တော်မတို့ သားအမိတွေဆရာတော်ကို ဖူးရတော့မယ်ဆိုပြီး ပျော်လိုက်ကြတာဘုရား။ သားသမီး (၂) ယောက် ကလည်းသူတို့မုန့်ဖိုးစုထားတာလေးတွေနဲ့ တရား နာသွားတော့ လှူရမယ်ဆိုပြီးပျော်နေကြတာ တပည့်တော်မ ကြည်နူးမိပါတယ်။ အရှင်ဘုရားရေးသား ထားသောစာအုပ်များကို တပည့်တော်နဲ့ တပည့်တော်သားသမီးများလည်း ဖတ်ပါတယ်ဘုရား။
ဒါ့ကြောင့်သူတို့လေးတွေ ဒီအသိမျိုးသိရတယ်လို့ အောက်မေ့မိပါတယ်ဘုရား။ တပည့်တော် သိချင် တာကတော့ “သညာသိနဲ့ပညာသိ” စာအုပ်ထဲက လူသေလူဖြစ်ဆရာတော်ရေးတဲ့ စာအုပ်အားလုံး မဖတ်သင့်တဲ့ စာအုပ်တွေကြီးပဲလားဆိုတာ သိချင်ပါတယ်ဘုရား။ တပည့်တော် ဖတ်တဲ့စာအုပ်တွေက ဦးဇောတိက၊ အရှင်ဆန္ဒာဓိက၊ အရှင်ဇနကာဘိဝံသ၊ သီတဂူဆရာတော်ရယ် အရှင်ဘုရား စာအုပ်က တော့ အများဆုံးပေါ့ဘုရား။ အရှင်ဘုရား စာအုပ်ကျတော့ ကလေးတွေကလည်း ကြိုက်တော့များများ ၀ယ်ဖတ်ဖြစ်ပါတယ်ဘုရား။ လူသေလူဖြစ်ဆရာတော်ရဲ့စာအုပ်ကို စာအုပ်ဆိုင်မှာ တင်ရောင်းထားတာ တွေ့တော့ အံ့သြသွားတယ်ဘုရား။ မဖတ်သင့်တဲ့စာအုပ်မျိုးကို တပည့်တော်တို့က ရှောင်ဖို့ပါပဲဘုရား။ နုနယ်တဲ့ကလေးတွေကို အဲ့ဒီလိုစာအုပ်မျိုး ဖတ်မိသွားမှာစိုးလို့ မေးရခြင်းဖြစ်ပါတယ်ဘုရား။ တပည့်တော်စာထဲမှာ အမှားပါရင်ခွင့်လွှတ်တော်မူပါဘုရား။
အရှင်ဘုရားကျန်းမာချမ်းသာစွာဖြင့်သာသနာ့ဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဘုရား။
အဖြေ(၁)
ဒကာမကြီး…
ဒကာမကြီးမေးခွန်းကို ဆရာတော် အဖြေရေးပေးလိုက်ပါတယ်။ ဥပမာအားဖြင့် စွယ်စုံဆင်ကြီးတွေဟာ နွံထဲမှာရှိတဲ့ ကြာရိုး၊ ကြာပန်းတွေကိုမြင်တော့ နွံထဲကိုဆင်းပြီး ကြာရိုး၊ ကြာစွယ်တွေကိုစားကြတယ်။ သူတို့က ခွန်အားတွေကောင်းတော့ နွံထဲကိုဆင်းပြီး စားကြသော်လည်း စားပြီးတဲ့အခါ နွံထဲမှပြန်ရုန်း နိုင်တော့ ကုန်းပေါ်ကို ပြန်တက်နိုင်ကြတယ်။ ခွန်အားနည်းတဲ့ သာမန်ဆင်လေးတွေကလည်း စွယ်စုံ ဆင်ကြီးတွေ နွံထဲဆင်းပြီး ကြာရိုး၊ ကြာစွယ်တွေကို စားတာမြင်တော့ သူတို့ကလည်း အတုလိုက်ပြီး နွံထဲဆင်းကာ ကြာရိုး၊ ကြာစွယ်တွေကို စားကြတယ်။ သို့သော် သူတို့မှာက စွယ်စုံဆင်ကြီးတွေလို ခွန်အားမကောင်းတော့ စားပြီးတဲ့အခါ နွံမှမရုန်းနိုင်ကြဘဲ နွံနစ်ပြီး သေကြရရှာတယ်။ အဲဒီဥပမာလိုပေါ့ ဒကာမကြီး၊ မိမိမှာ တရားစာပေဗဟုသုတကလည်း မပြည့်စုံသေးဘူး၊ တရားအပေါ် ယုံကြည်မှုသဒ္ဓါနှင့် မှန်ကန်စွာ ဝေဖန်ခွဲခြားတတ်မှုပညာဉာဏ်ကလည်း အားနည်းနေသေးတယ်ဆိုရင်တော့ ဗုဒ္ဓ ဟောကြားထားတဲ့ တရားသဘောအမှန်မှ ဆန့်ကျင်နေတဲ့ “လူသေလူဖြစ်” စာအုပ်ကဲ့သို့ ၀ါဒအမှားမျိုး ကို အရင်ဦးဆုံး ဖတ်မိသွားတယ်ဆိုရင် (ခွန်အားကြီးတဲ့ စွယ်စုံဆင်ကြီးတွေကို အားကျပြီး နွံထဲကကြာတွေကို ဆင်းစားကြတဲ့ ခွန်အားနည်းသော သာမန်ဆင်လေးတွေကဲ့သို့ စားပြီးတဲ့အခါ နွံထဲက မရုန်းနိုင်ကြဘဲ သေကြရသလို) မိမိလည်း အမှားနဲ့အမှန်ကို သေချာစွာ မဝေဖန်၊ မဆုံးဖြတ်နိုင်သေးတဲ့အချိန်မှာ ၀ါဒအမှားကြီးကို အမှန်လို့ အထင်မှားပြီး ယုံကြည်သွားရင် မိစ္ဆာဒိဋ္ဌိဖြစ် ကာ နိဗ္ဗာန်မရနိုင်ဘဲ ဖြစ်သွားနိုင်ပါတယ်။ တရားစာပေဗဟုသုတရှိပြီး တရားအပေါ် ယုံကြည်မှုသဒ္ဓါနှင့် မှန်ကန်စွာ ဝေဖန်ခွဲခြားတတ်မှု ပညာဉာဏ်ရှိတဲ့သူတွေကတော့ (စွယ်စုံဆင်ကြီးတွေ နွံထဲမှာရှိတဲ့ ကြားရိုး၊ ကြာစွယ်တွေကို နွံမနစ်အောင် စားနိုင်ကြသလို) ဘယ်လိုစာပေမျိုးကိုပဲဖတ်ဖတ် တရား သဘောဖြစ်အောင် ယူနိုင်ကြပါတယ်။ အဲဒါကြောင့် အသိဉာဏ်ပညာ နုနယ်သေးချိန်မှာတော့ ထိုကဲ့သို့ စာအုပ်မျိုးကို မဖတ်သင့်သေးပါဘူး။ အသိဉာဏ်စင်ကြယ်အားကောင်းလာချိန်မှာတော့ ဘယ်လို အယူဝါဒအမှားမျိုးနဲ့ ရေးထားတဲ့စာပင်ဖြစ်စေ မိမိကိုယ်တိုင်က အမှားကိုမြင်နေတော့ အယူမှားကြီးကို လက်မခံတော့ဘဲ ကောင်းတဲ့အချက်တွေကိုပဲ ယူသွားနိုင်မှာဖြစ်ပါတယ်။ ဖတ်လည်း ကိစ္စမရှိတော့ပါ ဘူး။
တရားစာပေတွေ ဖတ်ရှုလေ့လာသူတွေအတွက် အရင်ဦးဆုံးဖတ်သင့်တဲ့ အခြေခံအကျဆုံးစာအုပ် တွေကို ဆရာတော်ရေးပေးလိုက်ပါတယ်။ အဲဒီစာအုပ်တွေကတော့ ဓမ္မာစရိယ ဦးမောင်မောင်လေး ဘာသာပြန်ထားတဲ့-
(၁) အနှစ်ချုပ် သံယုတ္တနိကာယ်၊
(၂) အနှစ်ချုပ် အင်္ဂုတ္တရ နိကာယ်၊
(၃) အနှစ်ချုပ် ဒီဃနိကာယ်၊
(၄) အနှစ်ချုပ် မဇ္ဈိမနိကာယ်
စတဲ့ စာအုပ်(၄)အုပ်ကို အရင်ဦးဆုံး ဖတ်သင့်ကြောင်း လမ်းညွှန်ပေးလိုက်ပါတယ်။
ဒကာမကြီးတို့ မိသားစုအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။