Tuesday, 07 September, 2010
ကျေးဇူးရှင်ဆရာတော် ဦးဇ၀န၏ အွန်လိုင်းစာမျက်နှာ ဓမ္မမေးဖြေလွှာများ (၂) PDF Print
မေးခွန်း(၂) ဆရာတော်ဘုရား.. ဘုရားတပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဘုရား။ 

သာသနာတော် ပြန့်ပွားရေးအတွက် ဟောပြောစည်းရုံးကြရာတွင် အချို့က ဗုဒ္ဓဘာသာပီပီ သူများကို မပြောဘဲ ကိုယ့်ဘာသာကိုသာ ကောင်းအောင်လုပ်မည်၊ ထေရဝါဒဗုဒ္ဓဘာသာသည် အခြားဘာသာ များကို ပုတ်ခတ်၍ သာသနာပြန့်ပွားအောင် မလုပ်၊ မစည်းရုံး၊ ထိုသို့စည်းရုံးရန်မလို စသည်ဖြင့် ပြောဆိုကြပါသည်ဘုရား။ တပည့်တော်သိလိုသည်မှာ မြတ်စွာဘုရားက ထိုကဲ့သို့ ကျင့်ကြံရမည်ဟု ဟောကြားဆုံးမထားတော် မူပါသလားဘုရား။ (တပည့်တော်မည်သည့်ဘာသာကိုမျှ ပုတ်ခတ်ခြင်းကို လက်မခံပါဘုရား။)

သို့ရာတွင် ဘာသာခြားများအား သာသနာတော် ပြန့်ပွားရေးအတွက် တရားဟောပြောသည့်အခါ (ပုတ်ခတ်စော်ကားခြင်းမျိုး မဟုတ်ဘဲ) ထိုဘာသာ၏ မှားယွင်းမှုများကို အကျိုးသင့်၊ အကြောင်းသင့် ထောက်ပြဟောပြမှသာ အမှန်ကို သိရှိနားလည်လာနိုင်မည် မဟုတ်ပါလားဘုရား။ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော်တိုင် မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒများအား အမေးအဖြေများဖြင့် တိုက်ဖျက်ချေချွတ်ပြီး မှ သာသနာတော်သို့ သက်ဝင်ယုံကြည်လာစေရန် ဟောပြောတော်မူခဲ့မှုများရှိသည်ဟု တပည့်တော် ထင်ပါသည်ဘုရား။ တပည့်တော် ပါဠိကျမ်းဂန်များ မတတ်ကျွမ်း၍ မည်သည့်ကျမ်းတွင်ပါသည်ကို မသိပါဘုရား။ အကယ်၍ ရှိခဲ့ပါလျှင် မည်သည့်ကျမ်းတွင်ပါဝင်ကြောင်း မေတ္တာရှေ့ထား၍ ညွှန်ပြပေးတော်မူပါရန် လျှောက်ထားပါသည်ဘုရား။ သာသနာတော်ကို တိုက်ခိုက်လာသည်များရှိ သော် လျစ်လျူရှုထားသင့်ပါသလား၊ တုံ့ပြန်သင့်သည်ဆိုသော် မည်ကဲ့သို့ တုံ့ပြန်သင့်ပါသနည်း၊ တပည့်တော်အား ဆုံးမသြဝါဒ ပေးတော်မူပါဘုရား။ ဦးတင်လျှက်ပါဘုရား။

ဘုရားတပည့်မောင်သံတုတ်

အဖြေ(၂)

ဒကာကြီး…

ဒကာကြီး ဒကာကြီးမေးထားတာတွေကို ဆရာတော် အဖြေရေးပေးလိုက်ပါတယ်။ အောင်ခြင်းရှစ်ပါးမှာ ပါတဲ့  သစ္စကပရိဗိုဇ်ချွတ်ခန်း၊ သံယုတ်ပါဠိတော်မှာလည်း ဗြဟ္မာနဲ့ပတ်သက်တဲ့သုတ်များမှာ ဗြဟ္မာ အချို့ရဲ့ အတ္တအယူ အမှားတွေကို ဘုရားရှင်က အတ္တလို့အထင်တွေဟာ မှားယွင်းကြောင်း ရှင်းပြပြီး အနတ္တကို ဖော်ပြဆုံးမထားတာတွေရှိပါတယ်။ သို့သော် မြတ်စွာဘုရားဟာ အမှားကို ထောက်ပြတဲ့ အခါမှာ သူတစ်ပါးကို အရှက်ကွဲအောင် လုပ်ခြင်းမဟုတ်ဘဲ အမှန်ကို ရောက်စေချင်တဲ့ မေတ္တာနဲ့ ထောက်ပြတယ်ဆိုတာကိုတော့ သိထားရပါမယ်။ အပြစ်ပြောခြင်းနှင့် ဆုံးမခြင်းဟာ မတူပါဘူး။ အဲဒါကြောင့် အပြစ်ပြောခြင်းနဲ့ ဆုံးမခြင်းတို့ရဲ့ ခြားနားပုံကို ရေးပေးလိုက်ပါတယ်။

အပြစ်ပြောခြင်းနှင့်ဆုံးမခြင်း

  • အပြစ်ပြောသောစကားသည် ဒေါသကြောင့် ဖြစ်ပေါ်လာပြီး ဆုံးမသောစကားသည် မေတ္တာ၊ ကရုဏာကြောင့် ဖြစ်ပေါ်လာသည်။
  • အပြစ်တင်စကားသည် သိက္ခာကျစေလိုသောကြောင့် ပြောခြင်းဖြစ်ပြီး ဆုံးမစကားသည် ကောင်းကျိုးရစေလိုသောကြောင့် ပြောခြင်းဖြစ်သည်။
  • အပြစ်တင်ခြင်းသည် ငါသိ၊ ငါတတ်ဟု ပြလိုသောကြောင့်လည်းကောင်း၊ လူအထင်ကြီးစေလို သောကြောင့်လည်းကောင်း ပြောခြင်းဖြစ်ပြီး ဆုံးမခြင်းသည် အမှန်ကို သိစေလိုသော ဖြူစင် သည့်စေတနာကြောင့်ဖြစ်သည်။ (ငါသိ၊ ငါတတ်ဟူသည် မာနကို ဆိုလိုခြင်းဖြစ်တယ်)။

သုတ္တာန်ပိဋကတ်၊ မဟာဝဂ္ဂပါဠိတော်၊ ပါယာသိသုတ်၌ အရှင်ကုမာရကဿပ ရဟန္တာမထေရ်မြတ်က ဥစ္ဆေဒဒိဋ္ဌိအယူရှိသော ပါယာသိမြို့သားကြီးအား အမှားကို ထောက်ပြ၍ အမှန်သို့ ရောက်စေခဲ့တဲ့ အကြောင်းကို ပါဠိတော်မှာ ဖတ်ရှုကြည့်နိုင်ပါတယ်။

    မှတ်ချက်။ မူရင်းပါဠိတော်မှာ ဖတ်ရတာ အနည်းငယ်ရှုပ်ထွေးရင်၊ ဖတ်ရတာ နားမလည်ရင် ဆရာတော်ရေးထားတဲ့ “အရှုံးမရှိသောဒဿန” စာအုပ်မှာ အဲဒီသုတ္တာန်ကို ဖော်ပြထား ပါတယ်။ အဲဒီစာအုပ်မှာလည်း လေ့လာဖတ်ရှုနိုင်ပါတယ်။

ဒကာကြီး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝပါစေ။

 

(ဖြေကြားချိန်- ၂.၆.၂၀၀၉၊ အင်္ဂါနေ့ ညနေ ၅း၅၀ နာရီ)

အရှင်ဇ၀န(မေတ္တာရှင်) ရွှေပြည်သာ

 
Copyright © 2005 - 2010 အရှင်ဇ၀န(မေတ္တာရှင်). Hosting အလှူရှင် SHWEVIDEOSနှင့် အမောင်(ရေနံ့သာ)မှ ဓမ္မဒါနပြုပါသည်။